သထုံ ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေ ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စာပေချစ်သူများ(Book Club)အဖွဲ့ နာယက ဦးစောဘသိန်းက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စာရေးသူ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၏ အတ္ထုပ္ပတ္တိကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်နှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များတို့က စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်) ရေးသားသည့် "ပန်းလည်းလှစေ ပျားလည်းဝစေ" စာအုပ်ကို အခန်းအလိုက် ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန် သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်