ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) လူငယ်များပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ် အား စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးသိန်းတန်အောင်က စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများနှင့် စာဖတ်တတ်သည့် အလေ့အထကောင်းများ ပိုမိုရရှိစေရန် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်တို့ကို  ရှင်းလင်းပြောကြားပြီး၊ နတ်သျှင်(ရွှေဂူ)၏   “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်၏ အကျဉ်းချုပ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဦးညွန့်ရီက “ကြီးကျယ်ခမ်းနားသော ရိုးသားမှု” အားလည်းကောင်း၊ စာပေချစ်မြတ်နိုးသူများ အသင်းမှ မခင်ခင်ဇံက “ပုံပြင်ထဲက ဓမ္မသင်ခန်းစာ”အား လည်းကောင်း၊ မပုံပုံချေ က “နောင်တရမှ မကြောက်ပါနဲ့”အား လည်းကောင်း၊  မနှင်းမြဇံက “ငြိမ်းချမ်းသော မိသားစုဆီသို့” အား လည်းကောင်း၊  မောင်ကံမြင့်ထူးက “စာဖတ်ခြင်း အတတ်ပညာ” စသည့် ခေါင်းစဉ်များအလိုက် ဖတ်ရှုလေ့လာ နားလည်မှုတို့၏ အသိပညာ ဗဟုသုတများအား အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာအုပ်၏ စာရေးဆရာ ဆရာတော် နတ်သျှင်(ရွှေဂူ)သည် ကြေးမုံမျိုးဆက်သစ် ရင်ပြင်၊ ACADEMIC WEEKLY ဂျာနယ်၊ BAGO WEEKLY ဂျာနယ် စာမျက်နှာတွေကို ပိုင်စိုးပြီး၊ ဆောင်းပါးပြိုင်ပွဲတွင်လည်း ဆုတွေချီးမြှင့်ခံရတဲ့ ဆရာတော် တစ်ပါးဖြစ်ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)