ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သဖြင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာသင်ကြားလျက်ရှိ

ညောင်လေးပင် ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အခြေခံပညာ ကျောင်းများ အားလုံးပြန်လည်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်းသိရသည်။

ထိုသို့ ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်ပညာသင်ကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ် ထားသော လမ်းညွှန်ချက်နှင့်အညီ လက်ဆေးဘေစင်များထားရှိပြီး နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ ကျောင်းထဲသို့ဝင်စေခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၃) ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈)ကျောင်း၊ အလယ်တန်းကျောင်း (၁၃) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၄)ကျောင်း ၊မူလတန်းလွန်ကျောင်း (၁၀၈) ကျောင်း ၊ မူလတန်းကျောင်း (၁၀)ကျောင်း နှင့်မူလတန်းကျောင်းခွဲ (၁)ကျောင်း စုစုပေါင်း (၁၇၇)ကျောင်း၌ ယနေ့အထိ အထက်တန်းတွင်(၁၇၁၆)ဦး၊အလယ်တန်းတွင်(၆၇၃၆)ဦး၊မူလတန်းတွင်(၁၂၄၁၄)ဦး စုစုပေါင်း(၂၀၈၆၆)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေးတို့အတွက် ကျောင်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော် ဆောင်များက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။