တာမွေမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးမှ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အကဲဖြတ်ဒိုင်တစ်ဦးမှ  ပြိုင်ပွဲများနှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းများမှ ကျောင်းသား/ သူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုယ်စား ဆုရရှိသော ကျောင်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များ တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်(အကြို) မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)