ကန်ကြီးထောင့်မြို့နယ်‌အတွင်းရှိ ရေတွင်းကုန်းကြီးကျေးရွာနှင့် ကျိုက်လတ်ကျးရွာ လျှပ်စစ်မီး ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ကန်ကြီးထောင့် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းကုန်းကြီးကျေးရွာနှင့် ကျိုက်လတ် ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၇နာရီခွဲအချိန်က အဆိုပါ ကျေးရွာများ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ရေတွင်းကုန်းကြီး ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က ရေတွင်းကုန်းကြီးကျေးရွာနည်းတူ ကျိုက်လတ်ကျေးရွာ လျှပ်စစ်မီးလင်းရေး အခမ်းအနားအား ဆက်လက်ဖွင့်လှစ်ပေးပြီး ထရန်စဖော်မာအား လျှပ်စစ်မီး ခလုပ်နှိပ်၍ ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် လျှပ်စစ်မီးရရှိသည့် နေအိမ်များမှ မိသားစုဝင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတွင်းကုန်းကြီးကျေးရွာနှင့် ကျိုက်လတ် ကျေးရွာ အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကြည့်ရှုခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများအား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။

ရေတွင်းကုန်းကြီးကျေးရွာရှိ အိမ်ခြေ ၂၅၄ အိမ်အတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (200KVA) ထရန်စဖော်မာ ၁လုံးနှင့် ကျိုက်လတ်ကျေးရွာရှိ အိမ်ခြေ ၃၀၅အိမ်အတွက် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (200KVA) ထရန်စဖော်မာ ၂လုံးတို့အား တပ်ဆင်ပေးထားကြောင်း သိရပြီး အဆိုပါကျေးရွာများရှိ ပြည်သူများအနေဖြင့် ၂၄နာရီ ကာလပတ်လုံး လျှပ်စစ်မီးများ စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

လှမင်းထွဋ်