ပေါက်ခေါင်း ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းမြေသားလမ်းများ ပြုပြင်ခြင်းနှင့် ကျောက်ချောမြေနီ လမ်းခင်းခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကျပ် (၁၀၀)သိန်းဖြင့် ဆောင်ရွက်သည့် ပေါက်ခေါင်းမြို့နယ် ပေါက်တုံးအိုင်ကျေးရွာရှိ အရှည်(၁၆၈၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၉)လက်မ ရှိရွာတွင်းလမ်းနှင့် ဒန်းဒေါင့်ကျေးရွာရှိ အရှည်(၂၉၀၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၉)လက်မရှိ ရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ကျောက်ချောမြေနီလမ်းခင်းခြင်း လုပ်ငန်းများကို စက်ယန္တရားများဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်၊ ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်အောင်