ဝါးခယ်မမြို့နယ်တွင် "မေတ္တာရွှေလက်" အဝစားငါးရာကျပ်တန် ထမင်းဆိုင်ထပ်မံဖွင့်လှစ်

ဝါးခယ်မ   ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အရှေ့ပိုင်း မြသိန်းတန်ရပ်ကွက် ကံလှကျောင်းတိုက် ဆရာတော်နှင့် ဆရာတော်များဦးဆောင်လှူဒါန်းပြီး အလှူရှင်များ၏ မတည်လှူဒါန်းငွေများဖြင့် မေတ္တာရွှေလက် အဝစားငါးရာကျပ်တန် ထမင်းဆိုင်ကို (၁၆.၁၂.၂၀၂၁)ရက်နေ့နှင့် ယနေ့တွင်လည်း နံနက်(၁၀)နာရီမှ နေ့လည်(၁) နာရီအတွင်း စတင်ရောင်းချပေးခဲ့ပါသည်။ စီးပွားရေးအဆင်မပြေ၍ အခက်အခဲရှိသော နွမ်းပါးမိသားစုများအတွက် အဟာရအဖြစ်စားသုံးနိုင်ရန် ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးကြော်နှပ်ဟင်း၊ ဘဲဥချဉ်ရည်၊ အသီးအရွက်ကြော်၊ သီးစုံအရည်သောက်ဟင်း၊ ငပိရည်ဖျော်၊ တို့စရာအစုံတို့ဖြင့် ရောင်းချပေးလျက်ရှိပြီး စားသောက်ပြီးပါကလည်း အချိုပွဲအဖြစ် အအေးတစ်ဗူးစီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးအဆင်မပြေနွမ်းပါးသူများ လက်လုပ်လက်စား အလုပ်သမားများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူများ ရရှိသည့်အတွက် ဝါးခယ်မမြို့ပြည်သူများက ဝမ်းသာပီတိဖြစ်၍ ကျေးဇူး တင်ကြကြောင်း သိရပါသည်။ မေတ္တာရွှေလက် အဝစားငါးရာကျပ်တန် ထမင်းဆိုင်ကို ကြာသပတေးနေ့နှင့် သောကြာ နေ့များတွင် နံနက်(၁၀)နာရီမှ နေ့လည်(၁)နာရီအထိ ဝါးခယ်မမြို့အရှေ့ပိုင်း မြသိန်းတန်ရပ်ကွက် ဘုရားလမ်းတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ရီရီလွင်