ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကျောက်ကြီး ဒီဇင်ဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့ နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိ ပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီ ပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု ရက်ပိုင်း အတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့် အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိ လာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာအဟုတ်ပါ ကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ အလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask)တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်းစည်းကမ်းများအား ဆက်လက်လိုက်နာကျင့်သုံးသွား ကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)