ပခုက္ကူ ဒီဇင်ဘာ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် မကျည်းပင်ပုအုပ်စု ဒေါင်းစား ကျေးရွာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာ ပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်တွင်း၌ သာနေထိုင်ကြရန်၊ အရေးကြီး ကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ်တက်တပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသော အခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစက်ခံရပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အတိုင်း ပြည်သူများအားလုံး ပူးပေါင်း ပါဝင်ပေးကြရန်နှင့် ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဟိန်းသူ(ပြန်/ဆက်)