သရက် ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာမြို့မဈေး၊ အနောက်ဈေး၊ ယာယီပျံကျ ဈေးနှင့် ရွှေဘုံသာဘုရားလမ်းဆုံ ကားဂိတ်တို့ တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲထွက်ခွာ သွားခြင်းမပြုရန်၊ မဖြစ်မနေထွက်ခွါသွားလာရပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ ခပ်ခွါခွါနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။
ထို့အပြင် သရက်မြို့နယ်အတွင်းရှိ ဈေးသွား၊ ဈေးလာပြည်သူများ၊ မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းလိုက်ပါသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာ ပေး “ဖန်ခါးမြေ” လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)