အိမ်မဲမြို့နယ်တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများအား ဇီဝလုံခြုံမှုသင်တန်း ဖွင့်လှစ်သင်ကြားပေး

အိမ်မဲ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ကြသူများအား  ဇီဝလုံခြုံမှုသင်တန်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာခွန်မင်းမောင်က သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးက ကြက်ငှက်တုပ်ကွေး ကာကွယ်ထိန်းချုပ်ရေး၊ ကြိုတင်သတိပြုစရာ ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိက ဝက်အပြင်းဖျားရောဂါ၊ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ဝက်နားရွက်ပြာရောဂါ အကြောင်း၊ ဝက်မွေးမြူရေးအကြောင်း၊ ပေါင်ပုပ်လက်ပုပ်ရောဂါအကြောင်း၊ နို့စားနွားမွေးမြူရေးအကြောင်း၊ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းအကြောင်း၊ ဆာကိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်အားနည်းရောဂါ အကြောင်းတို့ကို ဆွေးနွေးသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဇီဝလုံခြုံမှုသင်တန်းတွင် မြို့နယ်အတွင်းကျေးရွာများမှ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၂)ရက်ကြာမြင့်မည့်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်