စစ်တွေ ဒီဇင်ဘာ ၁၆
၂၀၂၁ ခုနှစ်၊ ၄၇ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ရွှေမောင်းတန်းဗိုလ်လုပွဲ၊ ငွေမောင်းတန်း ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပသည်။
ကျင်ပွဲဆုပေးပွဲမတိုင်မီ ရခိုင်ပြည်နယ်အနှံအပြားမှ ငွေမောင်းတန်းကျင်သန်များ၊ ရွှေမောင်းတန်း ကျင်သန်များက မိမိတို့ အတန်းအလိုက် ယှဉ်ပြိုင်ကြသည်။ ထို့နောက် ငွေမောင်တန်း ပထမဗိုလ်လုပွဲတွင် ကိုခိုင်မြတ်၊ (ပုဏ္ဏားကျွန်း)နှင့် ကိုထွန်းလင်း (ပုဏ္ဏားကျွန်း)တို့ ယှဉ်ပြိုင်ကြရာ ကိုခိုင်မြတ်၊ (ပုဏ္ဏားကျွန်း) ကအနိုင်ရရှိပြီး ပထမ ငွေမောင်းကို ရရှိသွားသည်။
ဆက်လက်၍ ရွှေမောင်းတန်း ပထမဗိုလ်ပွဲတွင် ကိုမင်းမင်းထွန်း (ပေါက်တော-သဝင်ချောင်း)နှင့် ကိုမောင်မောင်စိုး ကျောက်တော်တို့ ယှဉ်ပြိုင်ကြရာ ကိုမင်းမင်းထွန်း (ပေါက်တော-သဝင်ချောင်း)က အနိုင်ရရှိပြီး ပထမရွှေမောင်းကို ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ငွေမောင်းတန်းပထမ၊ ဒုတိယနှင့်ပူးတွဲ တတိယဆုရရှိကြသူများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ငွေမောင်း ဆုတံဆိပ်၊ စလွယ်နှင့် ငွေသားဆုတို့အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရွှေမောင်းတန်းပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ရွှေမောင်းဆုတံဆိပ်၊ စလွယ်နှင့်ငွေသားဆုတို့အား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲသို့ ရခိုင်ပြည်နယ်အတွင်းမှ ငွေမောင်းတန်းကျင်သန် ၁၃၀ ဦးနှင့် ရွှေမောင်းတန်း ကျင်သန် ၂၇ ဦး ရောက်ရှိ ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြည်နယ်နေ့ ကျင်ကိုင်ပွဲ၌ ရွှေမောင်းတန်း ပထမဆု ငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု ငွေကျပ် ၂၄ သိန်း၊ ပူးတွဲတတိယဆု ငွေကျပ် ၁၆ သိန်း စီပေးအပ်ချီးမြှင့်ခဲ့ပြီး ငွေမောင်းတန်းတွင် ပထမဆု ငွေကျပ် ၂၄ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၆ သိန်း၊ ပူးတွဲတတိယဆု ငွေကျပ် ၁၂ သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲသို့ ရခိုင်ပြည်နယ်အတွင်းမှ ငွေမောင်း တန်းကျင်သန် ၂၈၈ ဦးနှင့် ရွှေမောင်းတန်း ကျင်သန် ၂၁ ဦး ရောက်ရှိယှဉ်ပြိုင်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)