မြေပုံ ဒီဇင်ဘာ ၁၆
ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူများငါးရိက္ခာဖူလုံစေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ မြေပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ က မြေပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန SHWE ANNAWAR Fishery Meeting Hall ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်ရွှေ က ငါးမဖမ်းဆီရသည့် ရာသီ၊ ဧရိယာ၊ သတ်မှတ်ပိုက်ကွက်၊ သတ်မှတ်ငါးအလေးချိန်၊ အရွယ်အစားများ ကန့်သတ်ရသည့် အကြောင်းများ၊ ငါးမျိုးစိုက်ထည့်ရခြင်း၊ ဒီရေတောများထိန်းသိမ်းရခြင်း၊ ဘက်ထရီလျှော့တိုက် ငါးမဖမ်းဆီရန်တားမြစ်ရခြင်း၊ မျိုးသုဉ်းရှားပါတော့မည် ရေသတ္တဝါများကို အထူးကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရခြင်းနှင့် ငါးမျိုးပြန်းတီးစေပြီး ပင်လယ်ပြင် ရေအောက်ကြမ်းပြင် သန္တာကျောက်တန်းများကို ပျက်စီးစေသည့် ကမ်းနီးဒရွတ်ဆွဲ (Baby Traw) ငါးဖမ်းဆီးခြင်းအား တားမြစ်ရခြင်းများကို အကျယ်တဝင့် ဟောပြောဆွေးနွေးကာ တက်ရောက်လာကြသည့် ရေလုပ်သားများက မေးမြန်းကာ မြို့နယ်ဦးစီးမှူး က ပြန်လည်ဖြေကြားပေးသည်။
အဆိုပါ သယံဇာတထိန်းသိမ်းရေး ဟောပြောဆွေးနွေးပွဲသို့ မြေပုံမြို့နယ်အနီး ရေးလုပ်ငန်းကျေးရွာ များဖြစ်ကြသည့် ကျောက်မော်ကြီး၊ အုန်းတော၊ အငူတို့မှ ဖမ်းဆီးရေး ရေလုပ်သား ၂၀ ဦး တက်ရောက်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)