ချောင်းဦး ဒီဇင်ဘာ ၁၆
ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြစို့ဆောင်ပုဒ်ပါ အစီအစဥ်အတိုင်း ချောင်းဦးမြို့နယ် အတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများအား ယနေ့နံနက် ၉နာရီ အချိန်မှစတင်ပြီး ချောင်းဦးမြို့ အနော်ရထာခန်းမ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကာကွယ်ဆေးထိုးရမည့် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်း ၁၃ ကျောင်း တို့မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇူလိုင်လကျောင်းသားစာရင်းအရ ကျောင်းသားဦးရေ ၃၇၄ ဦးအား အောက်တိုဘာ ၁၈ရက်နေ့က ပထမအသုတ် ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ ဒုတိယအသုတ် ပထမအကြိမ်အဖြစ် နိုဝင်ဘာ၅ရက်နေ့က ကျောင်းသား ကျောင်းသူ ၃၃၈ဦးအား ထိုးနှံပေးခဲ့ကြောင်း၊ တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးရာတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မူလတန်းအဆင့် အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ကြောင်း၊ ယနေ့ထိုးနှံပေးရာတွင် ပထမအကြိမ် ထိုးနှံပြီးသူ ၂၇၀ ဦးအား ဒုတိယအကြိမ်ထိုးနှံပေးခဲ့ပြီး မထိုးနှံရသေးသူ ၂၆ ဦးအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကာကွယ်ဆေးထိုးပေးခြင်းအား မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးပေးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူခြင်း၊ကိုယ် အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အခြားရောဂါအခံရှိမရှိ မေးမြန်းခြင်း၊ ဆေးထိုးစာရင်း ရေးသွင်းခြင်း များဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးခဲ့သည်။ ကာကွယ်ဆေး ထိုးပြီးသည့် ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးကြောင့် နောက်ဆက်တွဲ လက္ခဏါများ ဖြစ်ပေါ်မှု ရှိမရှိ သိရှိနိုင်စေရန် သီးသန့်ခန်းများတွင် ကျောင်းအုပ်စုအလိုက် ကြီးကြပ်သူဆရာ/ဆရာမနှင့်အတူ နာရီဝက်စောင့်ကြည့် စေခြင်း၊ ကျန်းမာရေးကိစ္စ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ ကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် ဆေးထိုး စုရပ်များတွင် အန္တရာယ်ကင်းရှင်းစေရန်အတွက် တာဝန် ယူဆောင်ရွက် ပေးခြင်းများ စုပေါင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆေးထိုးဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ ဒုမြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်နှင့်ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)