ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာ အခြေခံမူလတန်း (လွန်) ကျောင်း လိုအပ်သည်များ ဆက်လက်ပြုပြင်ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေပေးအပ်

ဂန့်ဂေါ ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာ အခြေခံမူလတန်း(လွန်)ကျောင်းကို အလျား (၄၈ ပေ၊ ၉ လက်မ)၊ အနံ (၁၈ ပေ၊ ၃ လက်မ) ရှိ အုတ်ညှပ်၊ သွပ်မိုး၊ ကွန်ကရစ်ခင်းကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောက်လုပ်ထားရာ လိုအပ်သည်များ တိုးချဲ့ပြုပြင်နိုင်ရန် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါ ကျောင်းဆောင်၌ ထောက်ပံ့ငွေ ပေးအပ် သည်။

ထိုသို့ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြီး မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(ငွေလုံးငွေရင်း)ရန်ပုံငွေမှ ငွေကျပ် (၈၅) သိန်းအား ဂန့်ဂေါမြို့နယ် ပညာရေးမှူး ဦးအောင်ဝင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းနုတို့ထံ ပေးအပ်ထောက်ပံ့သည်။

အဆိုပါပေးအပ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်နွဲ့ဝင်း၊ ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)