မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် အိမ်ထောင်စု ၅၀ ကျော် ရွှေ့ပြောင်းထားရ

မော်လိုက် သြဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရ (၁၃၃၃) စင်တီမီတာသို့ ရောက်ရှိနေသဖြင့် ယင်းမြို့၏စိုးရိမ်ရေမှတ် (၁၂၃၀) စင်တီမီတာ၏ အထက် (၁၀၃) စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာ (၂၀) တို့တွင် အိမ်ထောင်စု (၇၈၇) စုတို့မှာ မြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်အိမ်​ခြေ (၅၅) အိမ်မှ လူဦးရေ (၂၆၂) ဦးတို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဖွင့်လှစ်ဆောင်ရွက်ပေးထားသည့် ​မြို့ပေါ်ယာယီကယ်ဆယ်ရေးစခန်း ငါးခုနှင့်ကျေးရွာများရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်းနှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၂၄၉) ဧကနှင့် ပျိုးခင်းဧက (၀ ဒဿမ ၂၀) ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

"ချင်းတွင်းမြစ်ရေအခြေအနေနဲ့ကတော့ မနေ့ကထက် ဒီနေ့မှာတော့ ရေအတက်နှုန်းကတော့ နှေးသွားတယ်၊ မနေ့က တစ်နာရီကို တစ်လက်မနှုန်း မြင့်တက်ခဲ့ပြီး ယနေ့တွင် နှစ်နာရီကို တစ်လက်မနှုန်းလောက်ပဲ တက်လာတယ်၊ နောက်ထပ်တစ်ရက်လောက်တော့ ဆက်တက်နိုင်ပါကြောင်း၊ အခုဆိုရင် ဖောင်းပြင်မြို့တွင် လက်ရှိ၌ နှစ်နာရီကို တစ်လက်မနှုန်း တက်နေသည့်အတွက် မော်လိုက်မြို့အနေဖြင့် ချင်းတွင်းမြစ်ရေက နောက်ထပ် အခုလက်ရှိထက် တစ်ပေလောက် ဆက်တက်နိုင်ဖွယ်ရှိကြောင်း၊ မိုးရွာသွန်းမှုများလာပါကလည်း အခုခန့်မှန်းချက်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း" မော်လိုက်ခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးလွင် ပြောကြားချက်အရ သိရသည်။

မော်လိုက်သားလေး