ရပ်စောက်မြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ရပ်စောက်   ဒီဇင်ဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်ခုဖြစ်သော ဆောင်းနေကြာကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် မိုးသီးနှံများရိတ်သိမ်းပြီးချိန် လယ်ယာမြေများ၌ ဆောင်းနေကြာ အပြင် အခြားသီးနှံများဖြစ်သည့် ပဲပုပ်၊ မြေပဲ၊ ကုလားပဲစသည့် သီးနှံများကိုလည်း သီးထပ် သီးညှပ် အဖြစ်စိုက်ပျိုးကြသည်။ ၎င်းအပြင် နေကြာတစ်မျိုးတည်းကို သီးသန့်စိုက်ပျိုးလျက် ရှိပြီး ရေဆင်းစပ်မျိုး-၁ နေကြာအား အဓိကထားစိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် နေကြာမျိုး ၂ ပြည်ခွဲ ကျော်(၂၂ ဘူး)အသုံးပြု၍ ပင်ခြား ၉ လက်မ၊ တန်းခြား ၂ ပေခွဲ နည်းစနစ်ဖြင့် တစ်ကျင်းလျင် (၂)စေ့နှုန်းစိုက်ပျိုးပြီး အပင်(၁၅)ရက်သားရလျှင် တစ်ကျင်း (၁) ပင်ချန်၍ သားခွဲရကြောင်း၊ အပင် သက်တမ်း (၈၀)မှ (၈၅)ရက် အထိကြာမြင့်‌ပြီး အပင်အမြင့် ၄ပေ ၄ ပေခွဲ၊ အပွင့်ဆိုဒ် ၅ ဒဿမ ၉ လက်မနှင့် အောင်စေ့ရာခိုင်နှုန်း ၅၀၀ မှ ၉၀၀ ကြားထွက်ရှိကြောင်းနှင့် တစ်ဧကဝင်ဆန့်အပင်ဦးရေ ၂၉၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်းနေကြာကို နိုဝင်ဘာလတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းကြ ကာ ရပ်စောက်မြို့နယ်၌ ဆောင်းနေကြာ (၁၃၀၀)ဧက လျာထားစိုက်ပျိုးပြီးဖြစ်ရာ ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ရဲထက်ဦး(ပြန်/ဆက်)