လားဟူတိုင်းရင်းသားနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာသို့ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး သွားရောက်ဆောင်ရွက်ပေး

မိုင်းယန်း        ဒီဇင်ဘာ        ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စု၊ ပန်ဆောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျေးလက်နေ ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် လူမူဘဝပြည့်စုံဖို့ အမှန်တစ်ကယ် လိုအပ်နေသည့်  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အချိန်မကုန် လူပင်ပန်း သက်သာစွာဖြင့် နေ့ချင်းပြီး ကျေးရွာအရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းယန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းသောင်းရွှေနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မိုင်းလွေကျေးရွာအုပ်စု၊ လားဟူတိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ပန်ဆောင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား(၂၀)ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း(၃၉)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၃၃)စုတို့ကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)