ပွင့်ဖြူ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ကြသည့် ဒေသခံတောင်သူ များကို မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိရစ္ဆာန် ကူးစက် ရောဂါများ ကင်းဝေးစေရေး တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုများ စနစ်တကျ ကြိုတင်ကာကွယ် သွားနိုင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ် သည့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာရှိ ရွာလယ်ဓမ္မာရုံ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာကေဇင်ဝင်းအောင် က ကျေးလက် နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားရေး နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (CERP)အရ ဖွင့်လှစ် သော တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများ အနေဖြင့် သင်တန်း မှ သင်ကြားပြသပေးခဲ့သော အခြေခံတိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုနည်းစနစ်များကို လက်တွေ့ အသုံးချ ပြီး မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများကသင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ပြီး သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာ(၁၇)ရွာမှ မွေးမြူရေးလုပ်ငန်း ဆောင်ရွက် လုပ်ကိုင်သူ သင်တန်းသား ၂၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များတွင် ဖြစ်ပွား တတ်သော တိရစ္ဆာန် ကူးစက်ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ကုသနည်းစနစ်များ ၊ မွေးမြူရေး တိရစ္ဆာန်များ၏ အခြေခံ သိကောင်းစရာများနှင့် ကိုင်တွယ်ထိန်းချုပ်နည်းစနစ်များကို ဩဂုတ် ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )