၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များအား လေလံတင် ရောင်းချ

ဖလမ်း  သြဂုတ်  ၂၂

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အအရေးလုပ်ငန်းလိုင်စင်များအား လေလံတင် ရောင်းချခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် သမဝါယမအသင်းစု လီမိတက်ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ လေလံကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဒါရ်လျန်အုပ်က အမှာစကားပြောကြားပြီး လေလံတင်ရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးဗန်တွန်က လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်သည့် စည်းကမ်းချက် များကို ရှင်းလင်းသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဖလမ်းမြို့နယ်ဦးစီးမှူး ဒေါက်တာ မြတ်လင်းက လေလံတင် ရောင်းချခြင်းနှင့် ပတ်သက်ကာ ဆွေးနွေးပြီးနောက် မြို့မအမဲသား သတ်လုပ်ငန်းလိုင်စင်၊ မြို့မစျေး ကောက် လုပ်ငန်းလိုင်စင်၊ မြို့မဘီးကောက် လုပ်ငန်းလိုင်စင်နှင့် လုံပီး/လုံရန်း သားသတ်လုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် လေလံတင် ရောင်းချသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့မသားသတ်လုပ်ငန်းလိုင်စင်ကို ဦးနောန်ကမ်က ငွေကျပ်(၄၄,၂၀၀,၀၀၀)ဖြင့်လည်းကောင်း၊ မြို့မစျေးကောက်လုပ်ငန်းလိုင်စင်ကို ဦးဆဲမွာလ်လျန် က ငွေကျပ်(၂,၀၁၁,၀၀၀)ဖြင့်လည်းကောင်း၊ မြို့မဘီးကောက် လုပ်ငန်း လိုင်စင်ကို ဦးဆန်မန်က ငွေကျပ်(၂,၂၇၀,၀၀၀)ဖြင့်လည်းကောင်း၊ လုံပီး/လုံရန်း သားသတ်လုပ်ငန်း လိုင်စင်ကို ဦးငွန်ဇာလ်ထန်က ငွေကျပ်(၄,၀၅၀,၀၀၀)ဖြင့်လည်းကောင်း အသီးသီး လေလံ အောင်မြင် ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)