မုဒုံ ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အတွက် ယမန်နေ့ည ၆ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် မွန်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသော အခန်း၌သာနေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါသည် သက်ကြီး ရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)