ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကျောက်ကြီး ဒီဇင်ဘာ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာန နှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက် ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသည့် စည်းမျဉ်းစည်းကမ်းများအား ဆက်လက် လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်