ဝက်လက်မြို့၌ သံဃသမ္မုတိရ သံဃာကိုယ်စားလှယ် ဆရာတော်(၂)ပါး အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အစည်းဝေး ပြုလုပ်ရာတွင် မြို့နယ်အတွင်းရှိ သံဃာတော်အပါး (၁၀၀) တက်ရောက်

ဝက်လက် ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့ အုဋ်တိုက်ကျောင်းအတွင်းရှိ ကလျာဏ သီရိပဌာန်း ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က သံဃသမ္မတိရ သံဃာကိုယ်စားလှယ်(၂)ပါး အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ရာတွင် မြို့နယ်အတွင်းရှိ သံဃာတော်အပါး ( ၁၀၀)  တက်ရောက်သည်။

အဆိုပါ အစည်းဝေးကို နမောတသ သုံးကြိမ်ရွတ်ဆို၍  ဖွင့်လှစ်ပြီး၊ အစည်းဝေးသို့ ကြွရောက် လာကြသော  ဆရာတော်အပါး(၁၀၀)ရှိသည့်အတွက် အစည်းဝေးထမြောက် အောင်မြင်ကြောင်း ကြေညာပြီး သဘာပတိ ဆရာတော် ဘဒ္ဒန္တစန္ဒဝံသ လင်္ကာရာဘိဝံသ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ဆရာတော်က အစည်းဝေး သြဝါဒကထာ မြွတ်ကြားသည်။

ယင်းနောက် ဝက်လက်မြို့  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က သာသနာရေး ဆိုင်ရာများ လျှောက်ထား ပြီးနောက် မြို့နယ်အတွင်း လစ်လပ်နေရာများဖြစ်သည့် ရှိမ္မကား ကျေးရွာနှင့် ဖက်သန်းကြီး ကျေးရွာတို့တွင် အစားထိုးရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ် ထားသည့် အမည်စာရင်း တင်သွင်းကြရာ၊ သက်ဆိုင်ရာ နယ်မြေအလိုက် ဆရာတော်များက ထောက်ခံကြသည်။

သဘာပတိ ဆရာတော်က အစားထိုးရွေးချယ်ခံရသည့် သံဃသမ္မုတိရ သံဃာကိုယ်စား လှယ်ဆရာတော် ဘွဲ့အမည်များကို အစည်းဝေးသို့ တင်သွင်းပြီး သာဓု(၃)ကြိမ်ခေါ်ဆို၍ အတည်ပြု ပေးကာ နိဂုံးချုပ် သြဝါဒကထာ မြွတ်ကြားသည်။

အစည်းဝေးကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု’’ သုံးကြိမ်ရွတ်ဆိုကာ အစည်းဝေးကို ရုတ်သိမ်း လိုက်ကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)