မော်လိုက် သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲ အချိန် တိုင်းထွာချက်များအရ (၁၃၃၃)စင်တီမီတာသို့ ရောက်ရှိနေသဖြင့် ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၂၃၀)စင်တီမီတာ၏ အထက် (၁၀၃)စင်တီမီတာကျော်လွန် ရောက်ရှိနေ ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
အဆိုပါ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၂၀)တို့တွင် အိမ်ထောင်စု (၇၈၇)စု တို့မှာ မြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့် အိမ်ခြေ(၅၅)အိမ်မှ လူဦးရေ(၂၆၂)ဦးတို့အား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ ဖွင့်လှစ်ဆောင်ရွက်ပေးထားသည့် မြို့ပေါ်ယာယီကယ်ဆယ်ရေးစခန်း ငါးခုနှင့် ကျေးရွာများရှိ ယာယီ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်းနှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ် အတွင်းရှိ မိုးစပါးစိုက်ဧက(၂၄၉)ဧကနှင့် ပျိုးခင်းဧက(၀ ဒသမ ၂၀) ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
“ချင်းတွင်းမြစ်ရေအခြေအနေနဲ့ကတော့ မနေ့ကထက် ဒီနေ့မှာတော့ ရေအတက်နှုန်းကတော့ နှေးသွားတယ်၊ မနေ့က တစ်နာရီကို တစ်လက်မနှုန်း မြင့်တက်ခဲ့ပြီး ယနေ့တွင် နှစ်နာရီကို တစ်လက်မနှုန်းလောက်ပဲ တက်လာတယ်၊ နောက်ထပ် တစ်ရက်လောက်တော့ ဆက်တက်နိုင်ပါကြောင်း၊ အခုဆိုရင် ဖောင်းပြင်မြို့တွင် လက်ရှိ၌ နှစ်နာရီကို တစ်လက်မနှုန်း တက်နေသည့် အတွက် မော်လိုက်မြို့အနေဖြင့် ချင်းတွင်းမြစ်ရေက နောက်ထပ် အခုလက်ရှိထက် တစ်ပေလောက် ဆက်တက်နိုင်ဖွယ်ရှိကြောင်း၊ မိုးရွာသွန်းမှု များလာပါကလည်း အခုခန့်မှန်းချက်ထက် ပိုမိုမြင့်တက်လာနိုင်တယ်” ဟု မော်လိုက်ခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးလွင် ပြောကြားချက် အရ သိရသည်။
မော်လိုက်သားလေး