အထက်မင်းလှ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လယ်လှကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအဖွဲ့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် က လယ်လှကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ယခုကဲ့သို့လာရောက်ခြင်းမှာ (၂၅-၁၁-၂၀၂၁)ရက်နေ့တွင် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် ကွင်းဆင်းပေါင်းစပ် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အကြီးအကဲများ၏ တင်ပြချက်အပေါ် မရှင်းလင်းသည့် အချက်များအား တင်ပြဆွေးနွေးရန် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်းက နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက် နေမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများ၊ ဆေးကုသပေးနေမှုများ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပညာရေး၊ ရေရရှိရေး၊ မီးဘေးလုံခြုံရေး စသည်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဆရာဝန်များ၊ ဆရာ/ဆရာမများက ဒေသခံပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းစသည့် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆေးကုသရန်လိုအပ်သည့် လူနာ ၆၂ ဦးအား အခမဲ့ဆေးဝါးကုသ ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)