မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး       အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက     အမှတ်(၄)ရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့အသိပညာပေး‌ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွါသွားခြင်းမပြုရန်၊ မဖြစ်မနေ ထွက်ခွာသွားလာရပါက နှာခေါင်းစည်းMask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာ ခပ်ခွာခွာနေထိုင်ကြရန်နှင့်       ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ထို့အပြင် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား     မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ် ဆေးထိုးစုရပ်များ၌ ထိုးနှံ‌ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သတ်မှတ်‌ဆေးထိုးစုရပ် များတွင် သွားရောက်ထိုးနှံကြရန်နှင့် ကာကွယ်‌ဆေးကို အကြိမ်ရေပြည့် ထိုးနှံကြပါရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)