သရက်မြို့၌(၁၈)ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပေးအပ်ပွဲနှင့် (၈)ကြိမ်မြောက် မူလတန်း ထူးချွန် လူရည်မွန် စံပြဆုပေးပွဲ ကျင်းပ

သရက်  ဒီဇင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၁၈)ကြိမ်မြောက် မူလတန်း ပညာရေး ထောက်ပံ့ပေးအပ်ပွဲနှင့် (၈) ကြိမ်မြောက် မူလတန်းထူးချွန် လူရည်မွန်စံပြဆုပေးပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ပညာရေးလမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရွှေနီအောင်သိန်းဖောင်ဒေးရှင်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း ၏ ရည်ရွယ်ချက်(၅) ရပ်ဖြစ်သည့် သရက်မြို့နယ် မူလတန်းကျောင်းဝင်နှုန်း မြင့်မားလာစေရန်၊ ကျောင်းရောက်ပြီး ကျောင်းသား/ ကျောင်းသူများ ကျောင်းနေမြဲရန်၊ ကျောင်းသား၊ ကျောင်းသူတိုင်း မူလတန်းပြီးဆုံးစေရန်၊ သရက် မြို့နယ်၏ ပညာရေးပုံရိပ်ပိုမို တင့်တယ်လာစေရန်၊ ပညာရေးဌာနှင့် လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်တို့ဖြစ်ကြောင်းရှင်းလင်းပြီး ပညာသင်ထောက်ပံ့ပေးနိုင်မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကိုပြောကြားပေးခဲ့ကာ မူလတန်းထူးချွန်လူရည်မွန် ဆုရရှိသူများအား တာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့်ပေးခဲ့ပြီး (၁၈)ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ခံ Grade-3 ကျောင်းသား၊ ကျောင်းသူ(၁၇၁)ဦး၊ Grade-4 ကျောင်းသား၊ ကျောင်းသူ(၁၁၅)ဦးအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူ အသီးသီးက ကျောပိုးအိတ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံနှင့်ကွန်ပါဗူးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်