ရေး ဒီဇင်ဘာ ၁၂
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက် မြသီတာဈေးတွင် ယနေ့ နံနက် ၉ နာရီက ရေးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဈေးမီးဘေး လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲ ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဈေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရေပိုက်ဖြင့် မီးငြှိမ်းသတ်ခြင်း တို့ကို ဈေးသူ/သားများနှင့်အတူ ပူးပေါင်းပါဝင် လက်တွေ့သရုပ်ပြသခြင်းနှင့် မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ ဈေးစည်ပင်သာယာရေး ကော်မတီဝင်များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ ရန်ကြီးအောင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြ၍ သရုပ်ပြပွဲအပြီးတွင် တာဝန်ရှိသူများက ဈေးအတွင်း လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်