မိုင်းယု ဩဂုတ် ၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေး နှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က ယမန်နေ့က တစ်အိမ်တက်/ တစ်အိမ်ဆင်းစနစ်ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရွေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင် ကျန်ရှိမှုမရှိစေရေးအတွက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များ၊ မြို့မိမြို့ဖများနှင့် ရပ်ကျေးစာရေးတို့က ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအထိ ကွင်းဆင်းပြီး တစ်အိမ်တက် တစ်အိမ် ဆင်း စနစ်ဖြင့် ဆန္ဒမဲစာရင်းပါ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင် ပါ/မပါ စစ်ဆေးခြင်း၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က)ဖြင့် လည်းကောင်း မဲစာရင်းတွင် အမည် မပါဝင်သူများ ပုံစံ(၃)ဖြင့်လည်းကောင်း လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်စေရေး အတွက် ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)