ရန်ကုန် သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက်၌ ယမန်နေ့ ည ၇ နာရီ အချိန်ခန့်က မူးယစ် ဆေးဝါးများ ရောင်းချနေသူအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ပြီ သြဂုတ်လ ၂၀ ရက် နေ့အထိ ၈ လတာအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုပေါင်း(၃၃)မှုကို အရေးယူဆောင်ရွက်ခဲ့ကြောင်း ဒလမြို့မ ရဲစခန်းမှ သိရသည်။
ဒလမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ ဆာပါချောင်ကျောင်းစုရပ်ကွက် စိတ္တသုခ လမ်းရှိ ဒေါ်ခင်သန္တာထွန်း ၏ နေအိမ်တွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်း ကြမ်းပြင်ပေါ်ရှိ ပန်းရောင်ပလပ်စတစ် ခွက်အတွင်းမှ အပြာရောင် ကပ်ခွာပလပ်စတစ် အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၆ ပြား၊ စုစုပေါင်း တန်ဖိုးငွေ ၃၆၅၀၀၀ ကျပ်၊ ပလတ်စတစ်အကြည်ဖြင့် ထည့်ထားသည့် ဆေးခြောက်ဟု ယူဆရသော စိမ်းညိုရောင်အရိုး အရွက်အစေ့ရောရာ တစ်ထုပ်လျှင် အလေးချိန် ၂ ဂရမ်စီပါ ၂၅ ထုပ်၊ စုစုပေါင်း ၅၀ ဂရမ်၊ အနက်ရောင်ကြွပ်ကြွပ် အိတ်ဖြင့် ထည့်ထားသော ဆေးခြောက် ၇၈ ဂရမ်၊ စုစုပေါင်း အလေးချိန် ၁၂၈ ဂရမ်၊ တန်ဖိုးငွေ ၃၈၄၀၀၀ ကျပ်၊ မူးယစ်ဆေးဝါး ရောင်းချရာမှရရှိသည့် ငွေ ၁၀၇၆၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများ ရောင်းချနေသော ဒေါ်ခင်သန္တာထွန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဒလမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရ မိမှု(၃၃)မှုရှိပြီး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးကင်းစင်း ပပျောက်စေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း ဒလမြို့မရဲစခန်းမှ သိရသည်။
နိုင်လင်းကျော်(ဒလ)