ပေါင်းတည် သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် အဓိက လိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား အချိန်နှင့် တစ်ပြေးညီ သိရှိ စေရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုအတွင်း ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများထံ အသိပေးကြေညာနှိုးဆော် ခြင်းကို ယမန်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းမှ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကျန်းမာရေး လမ်းညွှန်ချက်များ အသိပညာပေးနှိုးဆော်ကြေညာခြင်း ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်စည်ပင် သာယာရေးကော်မတီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကြေညာချက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ လက်ရှိဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ သည် ရောဂါ လက္ခဏာ မပြဘဲ ရောဂါပိုးသယ်ဆောင်သူများမှ ပြည်သူအကြား တိတ်တဆိတ်ရောဂါအဖြစ် ဆက်လက်ဖြန့်ဝေလျက်ရှိ ကြောင်း ရောဂါ အန္တရာယ်မှာ လက်တစ်ကမ်းတွင် ရှိနေပါကြောင်း ပြည်တွင်းကူးစက်လူနာများ ထပ်မံတွေ့ရှိနေသည့် အပြင် ကူးစက်နှုန်း မြန်ဆန် သည့် ကိုဗစ်သန္ဓေပြောင်း D614G ရောဂါပိုးသည် မြန်မာနိုင်ငံတွင် ရှိနေပြီဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် ကာကွယ်ရေးနည်းလမ်းများကို တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရေးတို့ ပါရှိပြီး ကိုဗစ်-၁၉ ရောဂါ ဒုတိယ လှိုင်းပေါ် ပေါက်လာမည့် အခြေအနေအား ကျော်ဖြတ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ပူးပေါင်းအဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာ နှိုးဆော်ခြင်း အလားတူ မြို့နယ်ပြန်ဆက်ဝန်ထမ်းများကလည်း ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်အား အခမဲ့ဖြန့်ဝေခြင်းနှင့် အဆိုပါအသိပေး ကြေညာချက် အား ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ အသီးသီးမှ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တစ်ဆင့်အသိပေးကြေညာသွားမည်ဖြစ် ကြောင်း သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)