သရက် ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ၍ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင်မြင့်ဆွေ က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့ပြီး Book Club အဖွဲ့ဝင် ဦးမြင့်ဆွေ က စာရေးဆရာလယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်ပါ ကလေးနှင့်ကျောင်းထားချိန်အကြောင်း အကြံပြုဆွေးနွေးပြီး Book Club အဖွဲ့ဝင် မောင်မင်းသိမ်း (သရက်) က ကျောင်းနေပျော်၍ စာတော်ပါစေအကြောင်းတို့အား ၎င်း၏အမြင်ကို ဆွေးနွေးခဲ့သည်။
ထို့နောက် Book Club နာယက ဦးအောင်ကျော်စိုး က သုံးသပ်ဆွေးနွေးရာတွင် ဆရာလယ်တွင်းသား စောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်တွင် ကလေးများကို လူတော်လူကောင်းများ ဖြစ်လာစေရန် ဆရာ၊ မိဘတို့မှ သွန်သင်ဆုံးမ တည့်မတ်ပေးရမည့်အချက်များကို အကျယ်တဝင့် ဆွေးနွေးပြီး စာဖတ်ဝိုင်း တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)