မင်းလှ(အောက်) ဩဂုတ်၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းတွင်ကျန်ရှိနေသော မဲဆန္ဒရှင်များ၏ နိုင်ငံသားစိစစ်ရေး ကက်ပြား အမှတ်များ ဖြည့်စွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲကို ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်က၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများပြည့် စုံမှန်ကန်ရေးကိုကြိုးစားဆောင်ရွက်ကြရန်နှင့် မဲဆန္ဒရှင်များ၏ နိုင်ငံသားစိစစ်ရေး ကက်ပြားနံပါတ် ကွက်လပ် များအား အမျိုးအစားခွဲခြား၍ ကွင်းဆင်း စာရင်း ပြုစုပေးပို့ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှုး ဦးတင်ကိုလတ်က မဲစာရင်းတွင် နိုင်ငံသားနံပါတ်များ ကွက်လပ်ဖြစ်နေရခြင်း နှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားပြီး မှတ်ပုံတင်ကွက်လပ်များ ဖြည့်ဆည်းနိုင်ရေးအတွက် ယခုတောင်းခံ ထားသော စာရင်းများ ရရှိပြီးပါက ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ ဥက္ကဌဦးခင်ဝင်းက နိုင်ငံ သားစိစစ်ရေး နံပါတ်များ ရရှိပါက သင့်ရာနည်းဖြင့် မြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးကို အမြန်ဆုံးပေးပို့ရန်နှင့် ရရှိသော မှတ်ပုံတင်နံပါတ်များကို မဲစာရင်းတွင် ဖြည့်သွင်းသွား မည် ဖြစ် ကြောင်းပြောကြားသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာ(၆၆)အုပ် စုမှ စာရေးဝန်ထမ်းများက အခြေခံမဲ ဆန္ဒရှင်စာရင်းတွင် ကျန်ရှိနေသော မဲဆန္ဒရှင်များ၏ နိုင်ငံသား စိစစ်ရေးကက်ပြားအမှတ်များ ဖြည့်စွက်နိုင်ရေးနှင့် မဲစာရင်းပါ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးတို့ကို ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ