ကလေးဝမြို့၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကလေးဝ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးလှရွှေက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဘိုသူထက်က ပထမအကြိမ် မဲစာရင်းကြေညာမှု အခြေအနေများ၊ ဒုတိယအကြိမ် မဲစာရင်းကြေညာဆောင်ရွက်ရန် အတွက် ပြည့်စုံမှန်ကန်သည့် မဲစာရင်းရရှိအောင် သက်ဆိုင်ရာဌာနများ ပူးပေါင်ဆောင်ရွက်မှု အခြေအနေများနှင့် မဲရုံတာဝန်ချထားရေး အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ် လဝက ဦးစီးမှူး ဦးလှထွေးက နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။

ကလေးဝမြို့နယ်တွင် ပထမအကြိမ်မဲစာရင်းအရ(၄၄၁၁၅)ဦးရှိပြီး အဆိုပါမဲစာရင်းများအနက် ပယ်ဖျက် ရမည့် စာရင်းများနှင့် ပြန်လည်ဖြည့်ရမည့်စာရင်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။

ခမ်ငိုက်မန် (ပြန်/ဆက်)