ထီးချိုင့် ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် မက်သာဒုန်းဆေးရည် အစားထိုးတိုက်ကျွေးရေး အသိပေးရှင်းလင်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းအောင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကိုနိုင်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှ မူးယစ်ဆေးစွဲ ရောဂါနှင့် စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာပြည့်ပြည့်ဖြိုးမှ မက်သာဒုန်းဆေးရည် အစား ထိုးတိုက်ကျွေးကုသခြင်းနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားပြီး တက်ရောက် လာသောသူများမှ သိလိုသည်များကိုအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
မက်သာဒုန်းဆေးကုသရေးစီမံချက်အား (၂၀၀၆) ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး (၂၀၁၈) ခုနှစ်တွင် မက်သာဒုန်းဆေးခန်း (၅၅) ခု ဖွင့်လှစ်နိုင်ခဲ့ရာ (၂၀၁၉)ခုနှစ်တွင် မက်သာဒုန်းဆေးခန်း (၁၆)ခု၊ (၂၀၂၀) ခုနှစ်တွင် မက်သာဒုန်းဆေးခန်း (၁၈)ခုကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ မက်သာဒုန်းဆေးခန်းတွင် စာရင်းသွင်းသူပေါင်း (၄၈၅၇၃) ဦးရှိပြီး လက်ရှိတွင် နေ့စဉ်မက်သာဒုန်း ဆေးသောက် သူပေါင်း ကျား (၂၁၃၁၇) ဦးနှင့် မ (၃၂၇) ဦးနှင့် စုစုပေါင်း (၂၁၆၄၄) ဦးရှိကြောင်း သိရှိရပါသည်။
ရဲလင်းထွန်း ထီးချိုင့်