မယ်စဲ့ ဩဂုတ် ၂၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယနေ့နံနက်က တောင်သူ ဦးစိုင်းရွှေ၊ ကွင်းအမှတ် (၁)၊ ဦးပိုင် (၂၁) ၊ စိုက်ဧက (၃)ဧက လယ်မြေတွင် အထွက်နှုန်း ကောင်းမွန်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ ထွက်ရှိလာသော သီးနှံ များအား ဘေးအန္တရာယ် ကင်းရှင်းရေး၊ တောင်သူများအတွက် အထွက်နှုန်း တိုးတက်စေရေးနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး၊ မှိုသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်တွေ့သရုပ်ပြ စိုက်ပျိုး ခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ဧက (၃၀၀)ကို အဆင့်မြင့်နည်းပညာသုံး၍ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ နည်းပညာသုံးစံပြကွက်၊ စမ်းသပ်ကွက်များ ဆောင်ရွက်နေသည့် အကျိုးဆောင်တောင်သူများကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေဩဇာများ အခမဲ့ထောက်ပံ့ပေးထားသည်။
မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူဦးစိုင်းရွှေ လယ်ယာမြေတွင် စိုက်စနစ်သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ ရောစပ်ပြီးကြဲပတ်ခြင်း၊ ပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့် ပိုးမွှားရောဂါ ကျရောက်ပါက ကာကွယ် ကုစားသင့်သော နည်းလမ်းများ ကို လည်း ပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)