ဒီဇင်ဘာအားကစားလှုပ်ရှားမှု ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်

ဘားအံ ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ဒီဇင်ဘာအားကစားလှုပ်ရှားမှု လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခန့်က အမှတ်(၄)ရပ်ကွက်ရှိ သီရိကွင်း၌ ပြုလုပ်သည်။

အားကစားလှုပ်ရှားခြင်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ စုပေါင်းဆင်နွဲခဲ့ကြပြီး Physical Distancing အနေအထားဖြင့်  သီရိကွင်းပတ်လမ်း အတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အဆိုပါကွင်းရှိ ဒုံးစင်မြင့်ရှေ့၌ အားကစားလှုပ်ရှားခြင်းကို ပါဝင်ဆင်နွဲသူများက တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျော့လေ့ကျင့်ခန်းများ ဆောင်ရွက်ကြပြီး စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲ အမှတ်(၁)၊ အမှတ်(၂) တို့ကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု အနေဖြင့် အများပြည်သူဆိုင်ရာနေရာ( Public Area ) များတွင် တစ်ဦးတစ်ယောက်ချင်း အလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များအလိုက်သော်လည်းကောင်း တစ်ကိုယ်ရေ ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်လျှက်ရှိသည်ကို မြင်တွေ့ရပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု နှုန်းလျော့နည်းကျဆင်း နေသော်လည်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအားကစားလှုပ်ရှားမှုအား ကိုဗစ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)