ဟုမ္မလင်း ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အရည် အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခြင်းနှင့် စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကက်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် - ၁၃၂၊ ရွာမကွင်း၊ ဦးပိုင်အမှတ် - ၄၂ - ၁၊ တောင်သူဦးထွေးလင်း၏ မိုးစပါးစိုက်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခြင်းနှင့် စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက ယခုနှစ် မိုးရာသီတွင် ပေါ်ဆန်းရင် စပါး ၆၆ ပေ ပတ်လည် ၀.၁၀ ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ စံကွက်ရိတ်သိမ်းမှုအရ ၁ ဧကလျှင် ပျမ်းမျှ ၅၀ တင်း ထွက်ရှိကြောင်း စမ်းသပ်စိုက်ပျိုးမှုနှုန်းအရ ၈၀ ရာခိုင်နှုန်းအထိ အောင်မြင်ဖြစ်ထွန်းသည့် အတွက် တောင်သူများဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ယခုလို ကွင်းသရုပ်ပြခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခြင်းနှင့် စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြပွဲသို မြို့နယ် အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧဆက်(ဟုမ္မလင်း)