မြိုင် ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်းတောင်သူလယ်သမားများ အဆင်ပြေ စေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အထူးချေးငွေများကို ထုတ်ချေးပေးလျှက်ရှိရာ ယနေ့တွင် မြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ လာရောက်ထုတ်ယူမှု ၅၀ ရာနှုန်း ပြီးစီးမှုရှိကြောင်း သိရသည်။
ကိုဗစ်-၁၉အထူးချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများကတောင်သူလယ်သမားများအား လယ်မြေ၊ ယာမြေ မခွဲခြားပဲ (၁၀ ဧက)အတွင်း လုပ်ကိုင်သူများအနေဖြင့် တစ်ဧက ၅၀၀၀၀ ကျပ်နှုန်း ထုတ်ချေးနိုင်မည်ဖြစ်ပြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စုစုပေါင်းချေးငွေသိန်းပေါင်း(၃၂၀၀၀)ကို ထုတ်ချေးပေးသွားမည်ဖြစ်သည်။
အဆိုပါချေးငွေများကို ၂၀၂၀ ပြည့်နှစ် ဇွန်လ မှစတင်ထုတ်ချေးပေးခဲ့ပြီး စက်တင်ဘာလအထိ ဆက်လက်၍ ထုတ်ချေး ပေးသွားမည်ဖြစ်သည်။ ချေးငွေထုတ်ယူသော တောင်သူများအနေဖြင့် ငွေ ၁၀၀ ကျပ်လျှင် တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်း ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် နောက်ဆုံးထားပေး ဆပ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသောအချိန်တွင် ပြန်မဆပ် နိုင်သောတောင်သူများအနေဖြင့် ငွေ ၁၀၀ ကျပ်လျှင် ဒဏ်ကြေးအနေဖြင့် ၅၀ ပြား နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကိုဗစ်ကာလ အထူးချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၉) အုပ်စုမှ တောင်သူလယ်သမား(၁၁၂၀၁)ဦးအား ထုတ်ချေးပေးရန် လျာထားရာ ယခု အချိန်တွင် ကျေးရွာအုပ်(၃၉ )အုပ်စု မှ တောင်သူ (၂၉၉၆ )ဦးအား ထုတ်ချေးပေးခဲ့ပြီး တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် (၅၀ )ရာနှုန်းခန့် ထုတ်ပေးပြီး ဖြစ်ကြောင်း မြိုင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
သူရ(ပုံတောင်)