အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်

အုတ်တွင်း   ဒီဇင်ဘာ  ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်​၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး​အတွက် ယနေ့နံနက်ပိုင်း က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အသံချဲ့စက် များ​ဖြင့် ရပ်ကွက်/ကျေးရွာများ အတွင်းသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပါ၊ လက်ကိုဆေး​ကြောခြင်း မပြုဘဲပါးစပ်၊ နှာခေါင်း၊ မျက်စေ့ တို့ကို ပွတ်သပ်ခြင်း ၊ ကိုင်တွယ် ထိတွေ့ခြင်း မပြုရန် ၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း ဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှခေါင်းစည်း(Mask)များကို အိမ်အပြင်တွင်စွန့်ပစ်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်​ကြရန် တိုက်တွန်းနှိုး ဆော်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ