ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ပဲခူး ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကိုယ်စား ပေးအပ်ချီးမြှင့်ခွင့်ရရှိသည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ် ခံရသည့် ရဟန်းတော်များနှင့် သီလရှင်ဆရာကြီးများကို (၁၇-၃-၂၀၂၁)ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံး၌ တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ချီးမြှင့်ဆက်ကပ်ပူဇော်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ခံရသည့် ရဟန်းတော် (၆၈)ပါး၊ သီလရှင်ဆရာကြီး(၄)ပါး၊ လူပုဂ္ဂိုလ်(၃)ဦးတို့အနက် ရဟန်းတော်(၆၈)ပါး၊ သီလရှင်ဆရာကြီး (၄)ပါးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသည့် သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ်(၃)ဦးကိုလည်း ယနေ့တွင် နိုင်ငံတော်အခမ်းအနားများ နည်းတူ ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ ရေတာရှည်မြို့မှ ဦးဝင်းသိန်း (သုဓမ္မမဏိဇောတဓရ) အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ပြည်မြို့မှ ဒေါ်မူမူစန်း (သီဟသုဓမ္မသိင်္ဂီ) အား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး ဒေါ်ဥမ္မာစန်းက ရွှေကျင်မြို့မှ ဒေါ်ခင်စန်းလွင် (သုဓမ္မသိင်္ဂီ) အားလည်းကောင်း ဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပေးခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)