မင်းဘူး၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)

မင်းဘူး ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရးနှင့် ပြည်သူ့ဆက်ဆံရးဦးစီးဌာန Community Centre တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာစိုးက လူကုန်ကူးနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန် လူကုန်ကူးမှု မည်သို့မည်ပုံ ဖြစ်ပေါ်လာပုံ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းနှင့် လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ပြဌာန်းထားသော ဥပဒေပုဒ်မများ၊ လူကုန်ကူးမှုအန္တရာယ်မှ ကင်ဝေးအောင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ဆွေးနွေးမေးမြန်းခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်အိဖြူငြိမ်းက လူကုန်ကူးမှု ဆိုသည်မှာ လူတစ်ယောက်ရဲ့ သဘောထားကို ဆန့်ကျင်၍ အရွယ်မရောက်သေးသော ကလေးငယ်များ၊ အရွယ်ရောက်ကာစ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးငယ်လေးများကို သိမ်းသွင်းစည်ရုံးကာ ရောင်းကုန်များ သဖွယ် တစ်နိုင်ငံမှ တစ်နိုင်ငံ ရောင်းဝယ် ဖောက်ကားနေကြခြင်းကိုဆိုလို၍  လူကုန်ကူးမှု ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ ဆင်းရဲမွဲတေမှု၊ ကြွေးမြီမဆပ်နိုင်မှု၊ စာပေ မတတ်မြောက်မှု၊ ပညာရေး အဆင့်အတန်းနိမ့်ကျမှု၊ ရွေ့ပြောင်းအလုပ်အကိုင်များနှင့် ပတ်သက်၍ အန္တရာယ်ရှိမှုများကို မသိရှိမှု၊ လူကုန်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်သူတို့အတွက် အမြတ်အစွန်းများများ ရရှိမှုတို့က လူကုန်ကူးမှုများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်း တစ်ရပ်ပင် ဖြစ်သည်။  ကြွေးမြီပြဿနာနှင့် မိသားစု စားဝတ်နေရေး အဆင်မပြေခြင်းတို့ကြောင့် တစ်ဖက်နိုင်ငံများသို့ ရွေ့ပြောင်း အလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်ရာတွင် ပွဲစားများက အလုပ်သမားများ အလုပ်ရရှိရေးအတွက် ဆက်စပ်ပေးရာမှ လူကုန်ကူးမှုများ ဖြစ်ပေါ်လာ တော့သည်။

လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေက ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြဌာန်းထားတဲ့ ပုဒ်မ ၂၄ မှာ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးရင် ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း၊ အခြားလူတွေကို လူကုန်ကူးမယ်ဆိုလျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်၊ အုပ်စုလိုက် ဂိုဏ်းဖွဲ့၍ ကျူးလွန်ခဲ့လျှင် ပုဒ်မ ၂၈ အရအနည်းဆုံး ထောင်နှစ် ၂၀ မှ အများဆုံး တစ်သက်တို့ ဖြစ်ကြသည်။

ပြည်ပနိုင်ငံများသို့ အထင်ကြီးစိတ်ဖြင့် စူးစမ်းဆင်ခြင် လေ့လာခြင်းမရှိဘဲ ဖြတ်လမ်းလိုက်၍ အလုပ်ရှာထွက်နေသူများ ရှိနေသမျှ ကာလပတ်လုံး အနိဌာရုံမြင်ကွင်းများကို မလွဲမသွေ မြင်တွေ့ နေကြရဦးမည်။

ထိုကြောင့် လူကုန်ကူးမှု၏ နည်းပရိယာယ်အား တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ချင်သူများသိစေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သည်။

ထိုသို့ ခေတ်သစ်ကျွန်သဖွယ် အသုံးချခံနေရသည့် လူကုန်ကူးမှုအား ထိရောက်စွာ တားဆီးခြင်း၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရာက်စွာ အရေးယူခြင်း၊ လူကုန်ကူး ခံရသူများဘက်မှ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်သော ပညာပေးခြင်းဆိုင်ရာ အကောင်ဆုံး နည်းလမ်းများကို ပြည်သူလူထုသို့ မြင်သာအောင် ချပြနိုင်ခြင်းနှင့် ဤအဖြစ်ဆိုးမှ လွတ်မြောက် နိုင်ရေးအတွက် မိမိရေမြေသဘာဝ၊ မိမိအမျိုးဘာသာ သာသနာကို ချစ်တတ်ခင်တတ် မြတ်နိုးလေးစား တတ်လာအောင် လူငယ်လူရွယ် ကလေးများအား ဆွေးနွေးစည်းရုံး၍ လက်ဆင့်ကမ်းအမွေ ပေးရပါတော့မည်။

ထိုကြောင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးအောင် ပြည်သူလူထုတစ်ရပ်လုံးက ထိရောက်စွာ ဝိုင်းဝန်းတားဆီး ပေးကြပါလို့ ပြောချင်ပါသည်။

ဇေယျာထက် (မင်းဘူး)