ပခုက္ကူ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူ ၃၁၉၁ ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီးစီး ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ အသက်၁၂နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ်ထိုး နှံပေးခြင်းလုပ်ငန်းကို မြို့ပေါ်အမှတ်(၁)နှင့်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ ကမ္မမြို့အခြေခံပညာ အထက် တန်းကျောင်း၊ မြစ်ခြေမြို့အခြေခံပညာအထက်တန်းကျောင်း၊ ကျွန်းချောင်းကျေးရွာအခြေခံပညာအထက်တန်း ကျောင်း၊ နန်းတော်ရပ်ကျေးရွာ အခြေခံပညာ အထက် တန်းကျောင်း၊ ဒဲ့ပြားကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ဝါဇီ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစသည့် သတ်မှတ်ဆေးထိုး စုရပ်ရှစ်နေရာတို့တွင် ဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာလ ၂ရက်နေ့ အထိ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၂၂၂၆ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၉၆၅ ဦး၊ စုစုပေါင်း ၃၁၉၁ဦးတို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး သည့် အသက်၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၃၂၆၀ဦးရှိပြီး ကျန်ရှိသည့်ကျောင်းသား၊ကျောင်းသူများကို လည်း ဆက်လက်ထိုးနှံပေး မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူထံက သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းဆရာ၊ဆရာမများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉စည်းကမ်းချက် များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)