ပွင့်ဖြူ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။
အဆိုပါ အသိပညာပေး (Talk Show)ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ ဦးဆောင်ပါဝင် ဆွေးနွေးသူ ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အတွင်းရေးမှူးဖြစ်သူ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးက လူကုန်ကူးမှုနှင့် လူမှောင်ခို ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ ဥပဒေနည်းဥပဒေများ၊ လူကုန်ကူးခံရခြင်းကြောင့် ကြုံတွေ့ရသည့် ခေါင်းပုံဖြတ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခံရခြင်း ဖြစ်စဉ်များ၊ လူမှောင်ခိုနှင့် လူကုန်ကူးမှုအန္တရာယ် မဖြစ်အောင် ကြိုတင်ကာကွယ်ရမည့် ဆောင်ရန် ရှောင်ရန်များ၊ အရေးပေါ်အကူအညီ တောင်းခံနိုင်မည့် နည်းလမ်းများနှင့် နိုင်ငံတော်အစိုးရမှ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို အများပြည်သူ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့သည်။
ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလ ပြည်သူများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ လစဉ်အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)