မကွေး ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူလတန်းကြိုကျောင်းများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ကာလအတွင်း မူလတန်းကြိုကျောင်းများအား ဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း မူကြိုအရွယ်ကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေးပြည့်မီသည့် ပြုစုစောင့်ရှောက်မှု ရရှိစေရန်နှင့် ပြုစုစောင့်ရှောက်မှုအား စံတစ်ရပ်အနေဖြင့် အသုံးပြုနိုင်စေရန် “အွန်လိုင်း မူလတန်းကြိုပညာရေးအစီအစဉ်”အား လူမှုဝန်ထမ်းဦးစီးဌာနမှ နိုဝင်ဘာလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမူလတန်း ကြိုကျောင်းနှင့် ချောက်မူလတန်းကြိုကျောင်းများတွင် နိုဝင်ဘာလ (၁၅)ရက်နေ့မှ စတင်၍ “အွန်လိုင်းမူလတန်းကြို ပညာရေးအစီအစဉ်”အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် အသက်(၃)နှစ်မှ (၅)နှစ်အတွင်းရှိ မူလတန်းအကြို ကလေးငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှု ဆိုင်ရာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုများ ရရှိနိုင်စေရန် ရည်ရွယ်၍ မူလတန်းကြိုကျောင်းများ အား ဖွင့်လှစ်ခြင်းဖြစ်ကာ တိုင်းဒေသကြီးအတွင်း မူလတန်းကြိုကျောင်း(၁၂)ကျောင်းအား အပတ်စဉ် တနင်္ဂလာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် In Person စနစ်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံသူဦးရေအနေဖြင့် (၅၃၅)ဦးရှိကြောင်း သိရသည်။
ကိုစည်သူ(မကွေး)