စစ်ကိုင်း ဒီဇင်ဘာ ၁
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်းခြင်း လက်တွေ့သရုပ်ပြသပွဲကို ယနေ့နံနက်ပိုင်း က ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာ တောင်သူ ဦးကျော်ဆန်း၏ သက်နုကောက်ကွက်ကျယ် စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဦး က စံကွက်ရိတ် သိမ်းရခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးရာ စံကွက်ရိတ်သိမ်းရခြင်းသည် စိုက်ဧက တစ်ဧက၏ အထွက်နှုန်းကို သိရှိနိုင်စေမှာဖြစ်ကာ စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းသည်အထိ အလေအလွင့်မရှိရအောင် စံနမူနာအဖြစ် စနစ်တစ်ကျ ရိတ်သိမ်းနိုင်အောင် စံကွက်ရိတ်သိမ်းရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့ပြီး (၆ . ၆)ပေ စံကွက်ချရိတ်သိမ်း၍ ခြွေလှေ့ချိန်တွယ် ကြည့်ရာ တစ်ဧကအထွက်နှုန်း (၁၀၂)တင်း ခန့် ထွက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၆၂၀၀)ဧက စိုက်ပျိုးထားရှိကြောင်း ယခုစံကွက်ရိတ်သိမ်း ရာသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တိုက်နယ် နည်းပညာပြန့်ပွာရေးစင်တာများမှ တာဝန်ရှိသူများ၊ ကျေးရွာတောင်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာတောင်သူများအားသီးနှံမျိုးစုံ စိုက်ပျိုး ရေးနှင့်ပတ်သက်၍ စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းသည်အထိ အလေအလွင့်မရှိအောင် စဉ်ဆက်မပြတ် နည်းပညာများ ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။
စစ်ကိုင်း