ဝန်းသိုမြို့နယ်တွင် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ဝန်းသို ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်   တပ်လွင်ကျေးရွာ အခြေခံပညာမူလ တန်းကျောင်း(ခွဲ) အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲကို  ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆင့်မြင့်စက်ချုပ်သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးထုများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာပြီး မိသားစုအပိုဝင်ငွေရရှိ လာစေရန်ရည်ရွယ်၍  နိုဝင်ဘာလ ပထမပတ်မှစတင်၍ သင်တန်းသူ ၁၄ ဦးဖြင့် တစ်လကြာ ဖွင့်လှစ်သင်ကြားပြီးစီးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် အင်္ကျီအမျိုးမျိုး၊ ဘောင်းဘီအမျိုးမျိုး၊ လုံချည်နှင့် စကတ်အမျိုးမျိုးစသည့်   အဆင့်မြင့် စက်ချုပ်ဘာသာရပ် (၁၇)မျိုးကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့် ရပ်မိရပ်ဖများ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်သင်တန်းသား ဆုများကိုလည်းကောင်း သင်တန်းသူများချုပ်လုပ်ထားသော ကျောင်းစိမ်း ကျောင်းဖြူဝတ်စုံနှင့် လူကြီးဝတ်အင်္ကျီများကိုလည်းကောင်း ကျေးရွာပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား မေတ္တာလက်ဆောင် ပေးအပ်ခဲ့သည်။

ဝန်းသိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ()လအတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းတစ်ခု၊ အဆင့်မြင့်စက်ချုပ်သင်တန်းနှစ်ခု  ဖွင့်လှစ်ပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

မြို့နယ်(ပြန် /ဆက်)