မြောက်ဦး ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်များမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် တက်ရောက်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်အတွင်း မြောက်ဦး ခရိုင်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေး အတွက် သက်ဆိုင်ရာခရိုင် အဆင့်ဌာနဆိုင်ရာများမှ မိမိတို့၏လုပ်ငန်းများအား ကြပ်မှတ် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက မြို့နယ်အတွင်းရှိ လမ်းများ၊ လမ်းမကြီးများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် ယာဉ်ပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဆရာဝန်ကြီးမှ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ခရိုင် မီးသတ်ဦးစီးမှူးမှ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်နေ ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးနေမှု အခြေအနေများအား လည်းကောင်း၊ ရှေးဟောင်း သုတေသနဌာနမှ မြောက်ဦးမြို့အား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ UNISCO ဝင်ရောက်နိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု အဆင့်ဆင့်ကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာများ၏ ဆွေးနွေး တင်ပြချက်များအပေါ် အကြံပြု ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)