မကွေး ဒီဇင်ဘာ ၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ထိခိုက်ဒဏ်ရာပြုစုခြင်း Trauma First Aid(ToT) Traning (နည်းပြ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။
ဦးစွာတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် အရေးပေါ်အခြေအနေများတွင် ထိခိုက်ဒဏ်ရာရရှိသူများ၊ ရှေ့ဦးပြုစုခြင်း အကူအညီ လိုအပ်သူအားလုံးကို ရှေ့ဦးပြုစုခြင်း ဆောင်ရွက်နိုင်ရန်အတွက် ကြက်ခြေနီ အသင်းကြီး၏ အခြေခံမူ(၇)ချက်နှင့်အညီ အမြဲတမ်း အဆင့်သင့်ရှိနေသော အသင်းအဖွဲ့ကြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလမှ ယနေ့အထိ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေပြဌာန်းချက်များနှင့်အညီ စွမ်းစွမ်းတမံ ဆောင်ရွက် လျက်ရှိသည်ကို များစွာဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း၊ သင်တန်းတွင် တက်ရောက်ကြမည့် သင်တန်းသား/သူများအနေဖြင့် မိမိတို့မြို့နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ဖွင့်လှစ် သင်ကြားရမည် ဖြစ်သည့်အတွက် ပို့ချသော သင်ခန်းစာများအား ဂရုတစိုက် လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ဒီသင်တန်းက ရရှိလာတဲ့ အတွေ့အကြုံများနဲ့ လက်တွေ့ နယ်ပယ်မှာ ဆက်စပ်ပြီး လူမှုကရုဏာ လုပ်ငန်းများကို အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အတူ တက်ရောက်လာကြသည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ ထိခိုက်ဒဏ်ရာပြုစုခြင်း Trauma First Aid(ToT) Traning (နည်းပြ) သင်တန်းကို ကြက်ခြေနီအသင်းကြီး၏ အခြေခံမူ(၇)ချက်နှင့်အညီ ရှေးဦးပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြသည့် အသင်းခွဲအသီးသီးရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များ အတွက် စွမ်းဆောင် ရည်မြှင့်တင်လာစေရန်နှင့် အန္တရာယ်ကင်းစွာ ကူညီဆောင်ရွက် နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းသို့ ကြက်ခြေနီ စေတနာလုပ်အားရှင်(၂၀)ဦး တက်ရောက်ကာ၊ လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိချိန်တွင် စီမံခန့်ခွဲခြင်းနှင့် ဦးစားပေးလူနာ ရွေးချယ်ခြင်း၊ ထိခိုက်ဒဏ်ရာများကို ပြုစု စောင့်ရှောက်ခြင်း၊ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လူနာပြုစုခြင်းကွင်းဆက်၊ ရှေးဦးပြုစုခြင်းစခန်း၊ ရှေးဦးပြုစုခြင်း ဆိုင်ရာ အချက်အလက်များနှင့် ရှေးဦးပြုစုသူများအတွက် ဘေးကင်းလုံခြုံမှုစသည့် ဘာသာရပ်များအား (၁-၁၂-၂၀၂၁)ရက်နေ့မှ (၃-၁၂-၂၀၂၁)ရက်နေ့ထိ(၃)ရက်ကြာ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ