ပွင့်ဖြူမြို့နယ်၌ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆိုင်ကယ်စီးနင်းမှု ဆိုင်ရာ ဒေသန္တရအမိန့်ထုတ်ပြန်ကြေညာ

ပွင့်ဖြူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စအတွက် ဆိုင်ကယ်စီးနင်းမှုဆိုင်ရာ ဒေသန္တရအမိန့် (၁/၂၀၂၁)ကို နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အဆိုပါ ဒေသန္တရအမိန့်ကြေညာချက်တွင် မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်၌ အကြမ်းဖက်သူများသည် အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေသူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများသို့ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ကျူးလွန်လျက်ရှိကြောင်း၊ အဆိုပါ ပြစ်မှုများအား ကျူးလွန်ဆောင်ရွက်ရာ၌ အများအားဖြင့် မော်တော်ဆိုင်ကယ်အား အမျိုးသားနှစ်ဦး စီးနင်းအသုံးပြု၍ တစ်ဦးမှ ဆိုင်ကယ်မောင်းနှင်ပေးပြီး ကျန်တစ်ဦးမှ အကြမ်းဖက်လုပ်ရပ်(လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်း)တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရ၍ အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စအတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့မှစ၍ ပွင့်ဖြူ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းသွားလာရာတွင် (၃)ယောက်စီးခြင်းနှင့် (၂)ယောက်စီးရာတွင် နောက်မှ အမျိုးသားလိုက်ပါစီးနင်းခြင်း လုံးဝ(လုံးဝ)မပြုရန် တားမြစ်လိုက်ကြောင်း၊ ဤအမိန့်သည် အများပြည်သူ အကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း(၆၀)အတွင်း အတည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်နေ အများပြည်သူများ သိရှိစေရန် ထုတ်ပြန်လိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)